🤗 ဒီနည်းလမ်း(၅)မျိုးကိုသိရင် မိတ်ဆွေ အိမ်၊ခြံ၊မြေ ရင်းနှီးမြှုပ်နှံမှုမှာ အကျိုးဖြစ်ထွန်းပါပြီ...🤗

🤗 ဒီနည်းလမ်း(၅)မျိုးကိုသိရင် မိတ်ဆွေ အိမ်၊ခြံ၊မြေ ရင်းနှီးမြှုပ်နှံမှုမှာ အကျိုးဖြစ်ထွန်းပါပြီ...🤗

ငှားရမ်းခြင်း
======
အိမ်ခြံမြေဈေးကွက် ရင်းနှီးမြှုပ်နှံခြင်းမှာ အိမ်၊အဆောက်အဦးငှားရမ်းခြင်းကတော့ ပုံမှန်ဝင်ငွေတစ်ခုရရှိစေဖို အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ မြေကွက်ဝယ်၊ ကိုယ်တိုင် အိမ်ဆောက်ထားပြီး အငှားချတာ (ဒါမှမဟုတ်) အိမ်အိုအိမ်ဟောင်းတစ်လုံးကို ဝယ်ယူ၊ အသစ်ပြန်ပြင်ပြီးမှ အငှားချတာမျိုး လုပ်နိုင်ပါတယ်။ လူတိုင်း နေစရာအိမ်လိုအပ်တာမို့ ဒီနည်းလမ်းကတော့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံပြီး ငွေရှာနိုင်တဲ့အကောင်းဆုံးနည်းလို့ ပြောလို့ရပါတယ်။
ဒါပေမယ့်လည်း ကိုယ့်ရဲ့အိမ်ကို ထိခိုက်ပျက်စီးစေမယ့် အိမ်ငှားမျိုးနဲ့ ကြုံရနိုင်တာကိုလည်း သတိထားဖို့ လိုပါတယ်။

 

ပြန်လည် ပြင်ဆင်ရောင်းချခြင်း
================
ဒါကတော့ ကိုယ်က သေချာ မပြင်ဆင်ထားတဲ့ အိမ်၊ခြံ၊မြေတစ်ခုခုကို ဈေးနဲနဲ နဲ့ ဝယ်ယူပြီးတော့ပြင်ဆင်မှုတွေပြန်လုပ်ပြီးမှ အမြတ်တင်ရောင်းချတာမျိုးပါ။ ဒီလိုအမျိုးအစားကတော့ အိမ်ခြံမြေနဲ့ပတ်သက်လို့ ဗဟုသုတ စုံစုံလင်လင်ရှိတဲ့သူမျိုးတွေအတွက်မှ အဆင်ပြေနိုင်မှာပါ။ ပုံမှန်အားဖြင့်တော့ ဒီလို ပြန်လည်ပြင်ဆင်ရောင်းချသူတွေက ၆လထက်မပိုတဲ့ အချိန်အတွင်းမှာပဲ သူတို့ဝယ်ထားတဲ့ အိမ်ခြံမြေကို ပြန်ရောင်းလေ့ရှိကြပါတယ်။ ဒီလို လုပ်ဖို့အတွက် ယုံကြည်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို လိုအပ်မှာ ဖြစ်ပြီး ကိုယ်တိုင်လည်း ပြင်နေတဲ့အတောအတွင်းမှာ site ကို သွားပြီး ကြည့်ရှုစစ်ဆေးဖို့လိုပါတယ်။ ဒါမှ ပြင်ပြီးတဲ့အခါ ဘယ်လောက် ပြောင်းလဲသွားလဲ ဈေးဘယ်လောက်နဲ့ ပြန်ရောင်းရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာပါ။

ဒါပေမယ့် ဒီပြန်လည် ပြင်ဆင်ရောင်းချခြင်းကို လုပ်တော့မယ်ဆို စွန့်စားမှု တော်တော်လေးရှိတယ်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ 
ပြန်လည်ပြင်ဆင်တဲ့ စရိတ်ကို သေချာမတွက်နိုင်ဘူးဆိုရင် ကိုယ့်ဖက်က အရှုံးပေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဈေးကွက်နဲ့ ဝယ်လိုအားကို သေချာသိထားဖို့လိုပါလိမ့်မယ်။

အပန်းဖြေအိမ် ငှားရမ်းခြင်း
==============
နောက်ထပ် ပုံမှန်ဝင်ငွေရနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ အပန်းဖြေအိမ် ငှားရမ်းခြင်းပါပဲ။ ပြည်တွင်း၊ပြည်ပဧည့်သည်တွေ အလာများတဲ့ နေရာမျိုးမှာ အိမ်ဝယ်ထားတဲ့သူတွေအတွက် တကယ်ကောင်းတဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပါ။ အုပ်စုလိုက် ခရီးထွက်လာကြတဲ့သူတွေ ဟိုတယ်တို့၊တည်းခိုခန်းတို့လိုနေရာတွေမှာ မတည်းချင်တဲ့သူတွေအတွက် ဒီလို အိမ်ငှားပေးတာက အခုနောက်ပိုင်းမှာ ခေတ်စားလာတယ်လို့ပြောရင်လည်းရပါတယ်။

ဖွံ့ဖြိုးလာနိုင်ချေရှိသော ရပ်ကွက်များတွင် အိမ်/ခြံ/မြေဝယ်ယူခြင်း
=================================
ဒီလို ရပ်ကွက်မျိုးတွေက လူငယ်တွေ အများဆုံးနေထိုင်ကြတဲ့ နေရာတွေဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းအများစုကို စွဲဆောင်နေတဲ့ နေရာမျိုးဆိုလည်း မမှားပါဘူး။ လူနေများပြီး စီးပွားရေးလုပ်လို့ကောင်းတဲ့နေရာမျိုးဖြစ်တာကြောင့် အိမ်ဈေး၊မြေဈေးတက်လာဖို့ အလားအလာ ကောင်းကောင်းရှိပါတယ်။

အချိန်ကောင်းကို သိခြင်း
=============
အိမ်ခြံမြေရင်းနှီးမြှုပ်နှံရာမှာ အချိန်ကိုက် ဆောင်ရွက်နိုင်ခြင်းက အရေးအကြီးဆုံးပါပဲ။ ဈေးအတက်အကျ အမြဲပြောင်းလဲနေတာမို့ ခန့်မှန်းဖို့မလွယ်ပေမယ့် ဈေးကွက်ကို မျက်ခြေမပြတ်ဖို့လိုပါတယ်။ အထူးသဖြင့် ကိုယ်ရည်မှန်းထားတဲ့ မြေနေရာ၊ အိမ်နေရာနဲ့ပတ်သက်လို့ သေချာသိပြီး ဘယ်အချိန် ဘယ်လိုလှုပ်ရှားရမယ်ဆိုတာကို ဆုံးဖြတ်နိုင်ရပါမယ်။