#၂၀၂၀အခွန်အကောက်ဥပဒေ

#၂၀၂၀အခွန်အကောက်ဥပဒေ
စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၆ရာခိုင်နှုန်း၊၁၀ရာခိုင်နှုန်း၊၂၀ရာခိုင်နှုန်း၊၃၀ရာခိုင်နှုန်းဖြင့် အခွန် စည်းကြပ်ကောက်ခံမည့် ၂၀၂၀အခွန်အကောက်ဥပဒေပါ ပုဒ်မ၂၅(က)ကို ယနေ့အတည်ပြု...
----------------------------------
နေပြည်တော်၊သြဂုတ် ၂၈ရက်
စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၆ရာခိုင်နှုန်း၊၁၀ရာခိုင်နှုန်း၊၂၀ရာခိုင်နှုန်း၊၃၀ရာခိုင်နှုန်းဖြင့် အခွန် စည်းကြပ်ကောက်ခံမည့် ၂၀၂၀အခွန်အကောက်ဥပဒေပါ ပုဒ်မ၂၅(က)ကို ပြည်ထောင်စုလွှတ်တော်က ယနေ့အတည်ပြုလိုက်ကြောင်းသိရသည်။
တပ်မတေ်ာသားလွှတ်တော်ကိုယ်စားလှယ် ၂ဦးက သဘောမတူကန့်ကွက်ခဲ့သဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ပုဒ်မ၂၅(က)ကို ထောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ် ၃၅၂ဦးရှိပြီး ယနေ့ အစည်းအဝေးသို့ တက်ရောက်သည့် ၆၁၀ဦးထက် ထောက်ကျော်ထောက်ခံသူဦးရေ ရှိခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၂၀ပြည့်နှစ်အခွန်အကောက်ဥပဒေကြမ်းတင်စဉ်အချိန်က အဆိုပါ ပုဒ်မ ၂၅မပါခဲ့ပေ။
နောက်ပိုင်းမှ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီက အစိုးရနှင့်တာဝန်ရှိသူများ၊စီးပွားရေးကဏ္ဍအသီးသီးမှ တာဝန်ရှိသူများစသည်တို့နှင့် တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ပုဒ်မ ၂၅(က)ကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံဘဏ္ဍာစက်မှု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစိုးရအဖွဲ့က ယခင်က ပုဒ်မ ၂၅(က)ကို မထည့်သွင်းခဲ့ပဲ၃၀ရာခိုင်နှုန်းဖြင့် စည်းကြပ်ရန် တင်ပြခဲ့သော်လည်း ယ ခုမူ အခြေအနေအရပ်ရပ်ထောက်ရှုပြီးသဘောတူခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကို ပြောသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီမှ တာဝန်ရှိသူ ဒေါက်တာမြတ်ဉာဏစိုးက ပုဒ်မ ၂၅ထည့်သွင်းရခြင်းက ကမ္ဘာ့ကပ်ရောဂါဆိုးကြီး၏ ဒုတိယလှိုင်းကြောင့် စီးပွားရေးထိခိုက်မှုကြီးမားနိုင်ခြင်းက တစ်ကြောင်း၊
စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများမပါသည့် ဝင်ငွေခွန်ဥပဒေအသစ်ကို အတည်ပြုပြဌာန်းနိုင်ခြင်းမရှိသေးသည်က တစ်ကြောင်း စသည့် အကြောင်းေ ကြာင်းများကြောင့်. ပုဒ်မ ၂၅ထည့်သွင်းရခြင်းဖြစ်သည်ဟု လွှတ်တော်ကို ဆိုသည်။
စီးပွားရေးလုပ်ငန်းရှင်အများစုကမူ ၃ရာခိုင်နှုန်းအထိပင် လျှော့ပေါ့စေချင်ကြသော်လည်း အစိုးရနှင့် လွှတ်တော်ဘက်ကမူ မလိုက်လျောခဲ့ပေ။
၂၅။ (က)သည် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှ
လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်း တို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့်ဝင်ငွေရှိပါက ယင်း ဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်းအတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလို။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရသည့် ဥပဒေပုဒ်မဖြစ်သည်။

Crd : ကိုမင်း/Myanmar Harp